Saturday, March 2, 2013
ရိုမန်တစ်(ဇ်)မဟုတ်ဘူး လက်တွေ့ ဘ၀ပဲ..
ဝန်ထုတ် ၀န်ပိုးတွေ သယ်ဖို့ ပဲသိပြီး
သခင့်အလိုကျ ချောက်ရှိလည်း
မောင်းတိုင်းလျှောက်မယ့် သတ္တ၀ါဟာ
မြည်း သတ္တ၀ါပဲ
အနောက်လည်း မကြည့်
အောက်တည့်တည့် ကြည့်တတ်တာမျိုးပေါ့
ခမ်းနားကြီးကျယ်တဲ့
အဆောက်အဦ သစ်ကြီးထဲမှာ
မြည်း တွေကို
အ၀တ်တန်ဆာတွေဆင်ပေးလို့ 
ရွှေခွက်နဲ့  ၀ိုင် ဆက်တော့
မူးလို့  ရူးလို့ ကောင်းတုန်း
ငိုက်မြည်း လို့ ကောင်းတုန်း
ဘ၀ တစ်ခုလုံး ထိန်းချုပ်ခံရတာထက်
ငိုက်မြည်းရတာလောက် အရသာတွေ့ နေကြတယ်
အာဏာ ကြောင့် အဃာတ ရှိသလို
အဃာတ ကြောင့်လည်း အာဏာ ဖြစ်လာခဲ့တယ်
အဲဒီအတွက်
လယ်ယာမြေတွေ သိမ်းမယ်
မြက်တွေ  ပြန်စိုက်ထားကြမယ်
အချိန်တန်ရင်
မြည်း တွေကိုပြန်ကြွေးဖို့ အတွက်ပဲ
ရှေ့ နေနဲ့ တရားသူကြီးတွေက
ရယ်မော လှောင်ပြောင်နေကြတယ်
သူတို့ ထွေးထုတ်ထားတဲ့
တံတွေး သလိပ် အိုင်ထဲက
လူသားတွေက ယက်ကန်ယက်ကန်နဲ့ 
ရွံရှာ မုန်းတီးဖွယ်ကောင်းတဲ့ ဘ၀ကို
ဖြတ်သန်းဖို့  ရုန်းကန်နေကြရတယ်
ဒါဟာ...
ရိုမန်တစ်(ဇ်)မဟုတ်ဘူး
လက်တွေ့ ဘ၀ပဲ.........၊၊
         လူသစ်အမရပူရ
        ၂၈.၂.၂၀၁၃
<photo id="1" />