Thursday, April 21, 2011

သမိုင်းစစ်ကိုဖော်ထုတ်ခြင်း..

Thursday, April 21, 2011


သမိုင်းစစ်ကိုဖော်ထုတ်ခြင်း

မြန်မာပြည် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သော အာဇာနည်ကြီးများ၏ သမိုင်း၊ အတ္ထုပ္ပတိ၊ ရာဇ၀င် အမည်နာမများကို ယခုမျိုးဆက်သစ်ကလေးငယ်များ အတော်များများတို့သည် မသိရှိကြချေ။ အဘယ့်ကြောင့်နည်း သမိုင်းများကို ဖုံးကွယ်ထားခြင်းကြောင့်လား။ သမိုင်းများကို ဖျောက်ဖျက်ထား ခြင်းကြောင့်လား။ သမိုင်းများကို လစ်လျှူရှုထားခြင်းကြောင့်လား။ သမိုင်းများကို ထိမ်ချန်ထားခြင်း ကြောင့်လားတော့ မသိချေ။

ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကျေးဇူးရှင် လူမှုရေးအာဇာနည် တစ်ဦးဖြစ် သော
စာရေးဆရာ၊ ဒါရိုက်တာ၊ နာယကကြီး ဘဘ ဦးသုခ၏ သမိုင်းကိုတော့ ဖုံးကွယ်၍မရ၊ ဖျောက်ဖျက်၍မရ၊ လစ်လျှူရှု၍မရ၊ ထိမ်ချန်၍မရ။ အများပြည်သူ (၇) ရက်သားသမီး ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေး လူသားအားလုံး၏ နာရေးကိစ္စများကို အခမဲ့ ကူညီဖေးမပေးခဲ့သော စာရေးဆရာ၊ ဒါရိုက်တာ၊ နာယကကြီး ဘဘ ဦးသုခသည် နာရေးကူညီမှုအသင်း(ရန်ကုန်) ဟူသော လူမှုရေး အသင်းအဖွဲ့ကြီးအား ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့မှစ၍ မျိုးစေ့ချ၊ အုတ်မြစ်ချ ထူထောင် ခဲ့သော လူမှုရေးအာဇာနည်ကြီး တစ်ဦးဖြစ်သည့်အပြင် ဘဘဦးသုခသည် အနုပညာမှာရော စာပေ လောကနယ်ပယ်မှာပါ စိတ်ကောကိုယ်ပါ ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် ဘွဲ့ထူးဂုဏ်ထူးပေါင်းများလည်း ပေးအပ်ချီးမြင့်ခြင်းကို ခံခဲ့ရပါတယ်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံး ဒါရိုက်တာဆု (၆) ခုအပြင် ၁၉၅၈ ခုနှစ်မှာ အလင်္ကာကျော်စွာဘွဲ့၊ ၁၉၆၀ ပြည့်နှစ်မှာ ရုပ်ရှင်ဝါသနာအိုးများ၏ သူရသာတီရုပ်တု၊ ၁၉၉၄ ခုနှစ်မှာ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့၊ ၁၉၉၄ ခုနှစ်မှာပဲ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆု၊ ၁၉၉၇ ခုနှစ်မှာ အာဆီယံစာပေဆု၊ ၁၉၉၉ ခုနှစ်မှာ ကျေးဇူးသစ္စာ မြတ်ဘဏ္ဍာဂုဏ်ပြုဆု၊ ၂၀၀၀ ပြည့်နှစ်မှာ လူမူထူးချွန်(ပထမအဆင့်)၊ ၂၀၀၀ ပြည့်နှစ်မှာပဲ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ Ph.D ၊ ၂၀၀၅ ခုနှစ်မှာ ဓမ္မဗိမာန် တစ်သက်တာ စာပေဆုတွေကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ ၁၉၈၃ ခုနှစ် နောက်ပိုင်းတွေမှစပြီး ဘဘဟာ ရန်ကုန်တိုင်း ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းနဲ့ တက္ကသိုလ်ဆရာလောင်း မွမ်းမံသင်တန်းတွေမှာလည်း စကားပြောဟောနည်းပညာ၊ တရားဟောပြော နည်းပညာတွေကို သင်ကြားပို့ချခဲ့ပါသည်။ ၁၉၉၄ ခုနှစ်မှာလည်း ရာမာခရစ္စနာ၏ သုတပုံပြင်များ စာအုပ်ကိုထုတ်ဝေခဲ့သည်။ ဇန်န၀ါရီလ (၄) ရက် လွတ်လပ်ရေးနေ့မှာပဲ ဘဘဟာ မဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ ၁၉၉၅ ခုနှစ် နောက်ပိုင်း တွေမှာလည်း ဘဘရဲ့ တရားတော်နဲ့ ပတ်သက်သည့် စာအုပ်စာပေတွေ သုတရသစာအုပ်တွေဟာ ထွက်ရှိလာခဲ့ပါတယ်။ ဘဘဦးသုခရဲ့ ဘ၀သက်တမ်းတစ်လျှောက်မှာ လူသားတွေအတွက် အကျိုးရှိမည့် စာအုပ်စာပေ အများအပြားကို ရေးသားခဲ့ပြီး ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့မှာတော့ ရန်ကုန် တက္ကသိုလ်ကနေပြီး ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို အပ်နှင်းပေးအပ်ခဲ့ပါတယ်။

ထို့အပြင် ဘဘဟာ စာပေဟောပြောပွဲတိုင်းမှာ အမေနဲ့ပတ်သက်တဲ့ အကြောင်းအရာ တစ်ခုခု ကိုတော့ ဟောပြောတတ်စမြဲပါ။ အမေများနေ့အတွက် ကျင်းပတဲ့ စာပေဟောပြောပွဲ တစ်ခုမှာတော့ ဘဘဟာ အမေတွေကိုဂုဏ်ပြုတဲ့ စာပိုဒ်လေးတစ်ပုဒ်ကို ရွတ်ဆိုပေးခဲ့ပါတယ်။ “ကမ္ဘာကြီး ကမ္ဘာကြီးကို အာဒံနဲ့ ဧ၀ကပဲ စတယ်လို့ပြောပြော … ဗြဟ္မာကြီးလေးဦးက စတယ်ပဲ ပြောပြော … သူတို့ထဲမှာ အမေဆိုတဲ့ ဣတ္ထိလိင်ပါလာလို့သာ ကမ္ဘာကြီးက အဆက်မပြတ်ဘဲနဲ့ ယနေ့အထိ ကျွန်တော်တို့အထိ သားစဉ်မြေးဆက်တွေ ဖြစ်လာတယ် မဟုတ်လားအမေ … အမေမှန် သမျှ ဘာသာခြင်း လူမျိုးခြားရယ်လို့ ကျွန်တော့်စိတ်ထဲမှာ မရှိဘူးအမေ … သားသည်အမေ တစ်ယောက်ဟာ အမေပါပဲ အမေ … သူကယုတ်ညံ့လို့ … သူကလူမျိုးခြားမို့လို့ … သူက ဘယ်ဘာသာ မို့လို့ မဟုတ်ပါဘူးအမေ ကျွန်တော်စဉ်းစားထားပြီးမှ ပြောတာပါ … အမေမှန်ရင်လေ ကျွန်တော့်မျက်စိ အောက်မှာပဲ မိန်းမရွှင်ဖြစ်နေပါစေ … အမေဟာ အမေပါပဲ” ဟု အမေနဲ့ပတ်သက်ပြီး ရဲရဲတောက် ပြောကြားခဲ့သော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကြီးကျယ်မြင့်မြတ်သောသူသည် အမေဖြစ်သည်ဟု အမေများ၏ ဂုဏ်ပုဒ်ကို ဖော်ကျူးကာ “အမေများနေ့” ဟူ၍ မြန်မာနိုင်ငံမှာ စတင်ကျင်းပရန် တိုက်တွန်းခဲ့သူလည်း ဖြစ်ပါတယ်။ 

ယခုကဲ့သို့ အောင်မြင်ကျော်ကြားပြီး လူထုအတွက် အကျိုးပြုခဲ့ရုံသာမက ဘာသာသာသနာ အတွက်ပါ တန်ဖိုးမဖြတ်နိုင်အောင် လေးစားအတုဖွယ်ကောင်းတဲ့ စာရေးဆရာ၊ ဒါရိုက်တာ၊ နာယက ကြီး ဘဘဦးသုခသည် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက် (၁၁း၃၀) နာရီအချိန်၌ အမှတ်(၂) စစ်ဆေးရုံ၌ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။ သို့သော် ကျေးဇူးရှင် ဘဘဦးသုခ ဒီလောကကြီးမှာ မရှိတော့ပေမယ့်လည်း ဘဘရဲ့ အနုပညာတွေ၊ စာပေတွေနဲ့ ဂုဏ်ထူးဆောင်မူ တွေဟာ လူမျိုးနဲ့ဘာသာ သာသနာအတွက်ကို အခုချိန်ထိ တန်ဖိုးမဖြတ်နိုင်ဘဲ ပြည်သူလူထုအတွက် မှတ်သားဖွယ် ကျန်ရစ်နေစေရန်အတွက် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အစွမ်းကုန် ဘဘဦးသုခ၏ သမိုင်းအတ္ထုပ္ပတိကို ဖော်ထုတ်ပေးရမည်ဖြစ်သည်။

ဘဘဦးသုခ၏ လမ်းညွှန်မှာကြားချက်များဖြစ်သော ဗြဟ္မစိုရ်တရား (၄) ပါးအား မြေ၀ယ်မကျ လက်ကိုင်ကျင့်တုန်း ပေးဆပ်ရမည်ဖြစ်သည်။ ထို့အပြင် ဘဘဦးသုခ၏ ရုပ်ပုံလွှာအား မျိုးဆက်သစ် ကလေးငယ်များ မှတ်သားသိရှိ မြင်ယောင်လာရန်အတွက် ၂၀၁၁ ခုနှစ်၊ ဧပြီလ (၂၃) ရက် စနေနေ့ တွင် ကျင်းပမည်ဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၁၀ နှစ်ပြည့် အခမ်းအနားဖွင့်ပွဲအား ကျေးဇူးရှင် ဘဘဦးသုခ၏ ရုပ်ထုဖွင့်ပွဲ အစီအစဉ်ဖြင့် စတင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ဘဘဦးသုခ ၏ မိတ်ဆွေရင်းချာဖြစ်သော ကွယ်လွန်သူ ပန်းပုဆရာကြီး ဦးဟန်တင် (နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ပထမဦးဆုံး ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့ရသူ) တပည့်ရင်း-ဦးနန်းဝင်း (ပန်းချီ/ပန်းပုပညာရှင်)၏ အနုပညာစွမ်းအား၊ အနုပညာပါဝါတို့ဖြင့် ထုဆစ်ပုံဖော်မှုကို စတင်နေပြီဖြစ်ပါသည်။ ပန်းချီ/ပန်းပု ပညာရှင်ကြီး-ဦးနန်းဝင်းအားလည်း ဘဘဦးသုခ၏ ရုပ်ထုပုံဖော်မှုအား ဘဘဦးသုခအား အနီးကပ်ပြုစု စောင့်ရှောက်ပေးခဲ့သော ဘဘ၏ သားတပည့် ကိုလှအေးမှလည်း လာရောက်ပံ့ပိုး အကြံပြုခဲ့ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း ဘဘဦးသုခ၏ ရှားပါးလှသော ဓါတ်ပုံမှတ်တမ်းများအား စုဆောင်းပြီး ဘဘဦးသုခ၏ ရုပ်ပုံလွှာ ပန်းပုရုပ်ထုကြီးအား သက်ဝင်လှုပ်ရှား မှုရှိစေရန် သွားရောက် အကြံပြု ပံ့ပိုးပေးခဲ့သည်။

သမိုင်းကို ဖျောက်ဖျက်၍မရ။ ဖုံးကွယ်၍မရ။ လိမ်လည်၍မရ။ လစ်လျှူရှု၍မရ၊ ထိမ်ချန်၍မရ။ အချိန်တန်လျှင် သမိုင်းစစ်တွေ ပေါ်ထွန်းလာမည်။ သမိုင်းစစ်တွေ စကားပြောလာမည်။

ကျေးဇူးရှင် ဘဘဦးသုခ၏ ရုပ်ထုသည် ကျွန်တော်တို့အား စကားတွေအများကြီး ပြောနေပြီ ဖြစ်သည်။
(ကျော်သူ)
ဒီမိုဝေယံ မှ မျှဝေတင်ပြသည်။

No comments:

Post a Comment