ရလေရလေ အိုတစ္ဆေ
လမ်းလျှောက်စ ကလေးငယ်စိတ်နဲ့
ချော့မရ အော်မရ
အဆာမပြေတဲ့ မျက်လုံးများနဲ့
လူတကာ နှာခေါင်းရှုံ့
ဟောင်းနွမ်းဆုတ်ဖြဲထားတဲ့ ရက်စွဲများ
သမိုင်းမရှိ ရာဇဝင်မရှိ
အဖတ်မတင်
စုတ်ပြတ်သတ်နေတဲ့ ကုတင်ထက်
ငိုက်မြည်းနေတဲ့အတွေးဟောင်းများ
ပြန်ဆွဲဆန့်
မီးနီဖြတ်မောင်းတဲ့ မိစ္ဆာ
သစ်လွင်တောက်ပတဲ့ကားပေါ်က
အစိမ်းရောင်သစ်ပင်မှာ မနာလိုစရာ
စားမကုန်တဲ့သစ်သီးတွေဝေလို့
အသီးမနိုင်အမြစ်မခိုင်တဲ့ အပင်တွေက
ဇောချွေးပြန်
ဆာလောင်ငတ်မွတ်တဲ့ မျက်ဝန်းများနဲ့
ငံ့လင့်နေရှာသူတွေ
လေဖိအားနည်းရပ်ဝန်းမှာ
ကပြောင်းကပြန်
မြေဆီဓါတ် မကောင်းရင်တော့
လမ်းဘေးမှာမှေးနေတဲ့ ခွေးဝဲစား
ဘုံပျောက်မယ့်ကိန်း
တကယ်ပါ...........
ရာသီမမှန် သစ္စာဖေါက်တဲ့ ပိတောက်ပန်း
မူမမှန်ကောက်ကျစ်တဲ့ မိစ္ဆာ
မခေါ်ဘဲ အနှင်ခက်တဲ့ကဧည့်ဆိုး
ဘာလဲဟ
ရှေ့က လူတွေဆူညံ အော်သံ ပြေးလွှားသံ
နောက်လူတွေက ငုတ်တုတ်
ဘေးကလူတွေအားပေး
ငြိမ်းချမ်းစွာလှမ်းနေတဲ့ ခြေလှမ်းတွေ
အေးချမ်းမယ့် သဘာဝတရားကို
စုတ်ချက်ကြမ်းကြမ်းနဲ့ ဆွဲပက်ထားတဲ့
နူးညံ့တဲ့မေတ္တာရောင်များပေါ်က
အနီရောင် အစွန်းအထင်းများ
အခါမတိုင်ဘဲ
တောင်တန်းတွေမှာမြူခိုးတွေအလားဝေလို့
သစ်ရွက်မဝေ လူတွေကြွေနေရဲ့
ပျားအုံတွေက ပျားသလက်(အိမ်)ကိုစွန့်ခွာ
မီးမြိုက်သူတွေ သိမ်းပိုက်
ယူငင်သောက်သုံးနေတဲ့
မိစ္ဆာပါးစပ်က အနီရောင်ပျားရည်စက်များ
ဒါဟာ
ပန်းချီဆရာရဲ့ စိတ္တဇဆန်တဲ့ ပြကွက်လား
စိတ္တဇပန်းချီဆရာရဲ့ ရူးသွပ်တဲ့ပြကွက်လား
ရိုးသားစွာပြောရရင်
အဆိုးရွားဆုံး ကမ္ဘာကျော်ပန်းချီကားတစ်ချပ်ပဲ။ ။
လူသစ် (အမရပူရ )
No comments:
Post a Comment